ဆံပင်ရှည်သူများအတွက် ဆောင်းရာသီ ဆံသားထိန်းသိမ်းနည်းများ
20-Oct-2017ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ရုံတင် မဟုတ်ပါဘူး ဆံသားနဲ့ ဦးရေပြားတွေလည်း ခြောက်သွေ့နေစေ ပါတယ်။ အထူးသဖြင့် ဆံပင်အရှည်ထားသူတွေမှာ ဆံပင်အဖျားတွင် ခြောက်သွေ့တာမျိုးနဲ့ ဦးရေပြား ဘောက်ထတာမျိုး၊ အဆီပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆောင်းရာသီကာလတွင် အဖြစ်များတဲ့ ပြဿနာတစ်ခုက ဆံသားအရောင် မွဲခြောက်ပြီး တောက်ပြောင်မှုမရှိဖြစ်တတ်ပါတယ်။ ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဆံသားကို ဂရုတစိုက် မထိန်းသိမ်းဘူး ဆိုရင်တော့ ဆံသားအဖျားတွေကနေ စတင်ပျက်စီး လာတတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဆံသားပျက်စီးမှုကင်းပြီး ကောင်းမွန်လှပတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်စေဖို့ ဖော်ပြပါ ဆံသားထိန်းသိမ်းနည်းတွေက သင့်ကို ကူညီပါလိမ့်မယ်။
၁။ ဆီသုံးပြီး ဆံသားထိန်းသိမ်းနည်း
ဆံသားတွေ နူးည့ံပျော့ပျောင်းရှင်သန်စေဖို့အတွက် အရေးပါလာတာကတော့ အာဟာရပြည့်ဝဖို့ပါပဲ။ ဆံသားရဲ့ အရင်းကနေ စတင်ပြီး အာဟာရပြည့်ဝနေပါမှ ဆံဖျားအထိ ကျန်းမာနေစေဖို့ သံလွင်ဆီ၊ အုန်းဆီစတဲ့ အဆီတွေက အာဟာရတစ်မျိုးလို အားအင်ဖြစ်စေပါတယ်။ ဆံသားအရင်းကနေ အဖျားအထိ ကျန်းမာနေစေဖို့ ဆီးတစ်မျိုးတော့ မဖြစ်မနေ သုံးဖို့လိုပါတယ်။
၂။ နှိပ်နယ်ခြင်းဖြင့် ဆံသားထိန်းသိမ်းနည်း
ဆံသားတွေ ပိုမိုဖွံ့ဖြိုးပြီး ရှင်သန်စေဖို့အတွက် ဦးရေပြားကို နှိပ်နယ်ပေးတာဟာလည်း အရေးပါတဲ့ အချက်တစ်ခုပါပဲ။ နှိပ်နယ်ပေးတာကြောင့် ဦးရေပြားပေါ်မှာ သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားတွေလည်း ရှင်သန်လာစေပါတယ်။ နှိပ်နယ်ပေးတာကြောင့် ဦးရေပြားမှာ သက်သောင့်သက်သာဖြစ်စေပြီး ခံစားချက်ကောင်းတွေလည်း ရရှိစေပါတယ်။ တစ်ပတ်နှစ်ကြိမ် ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒါဟာရိုးရှင်းတဲ့ ဆံသားပြုပြင်မှုပါပဲ။ သဘာဝနည်းလမ်းဖြစ်တဲ့အတွက်အပြင် သွေးလည်ပတ်စီးဆင်းမှုလည်း ကောင်းစေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေစေတဲ့ အာနိသင်လည်းရှိတာကြောင့် နှိပ်နယ်ပေးတာကလည်း သင့်ဆံသားအတွက် အားဖြစ်စေပါတယ်။
၃။ ဓာတုဗေဒပစ္စည်းများ ရှောင်ခြင်းဖြင့် ဆံသားထိန်းသိမ်းနည်း
ဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ ဆံပင်လိမ်းဆေးတွေ၊ ဆံသားဖြောင့်ဆေးတွေ၊ ကောက်ဆေးတွေနဲ့ ဆံသားပြုပြင်တဲ့ ဆေးဝါးတွေကို ကြာရှည်အသုံးပြုလာတာကြောင့် ဆံသားတွေ ပါးလွှာလာပြီး ဆံသားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တချို့ကုန်ပစ္စည်းတွေက ချက်ချင်းဆိုသလို သင့်ဆံသားတွေကို ကောင်းမွန်သွားတယ််လို့ ထင်ရပေမယ့် ဆံသားပစ္စည်းတွေကို ဓာတုဗေဒပစ္စည်းကင်းပြီး သဘာဝပစ္စည်းကို အခြေခံတာမျိုးတွေသာ အသုံးပြူပေးပါ။
၄။ ခေါင်းလျှော်ခြင်းဖြင့် ဆံသားထိန်းသိမ်းနည်း
ညစ်ပေနေပြီး သန့်ရှင်းမှုပုံမှန်မလုပ်တဲ့ ဦးရေပြားနဲ့ဆံသားဟာ ဘယ်လိုမှ ဖွံ့ဖြိုးမှုမရှိနိုင်ပါဘူး။ သန့်ရှင်းတဲ့ ဆံသားထိန်းသိမ်းမှုကလည်း အရေးပါလှပါတယ်။ ဆောင်းရာသီမှာ အေးတာကြောင့် ခေါင်းလျှော်ဖို့ အချိန်ဆွဲနေပြီး သင့်ဆံသားတွေ ညစ်ပေတာမျိုးမဖြစ်ပါစေနဲ့။ ခေါင်းလျှော်ချိန်မှာ လိုက်နာသင့်တဲ့ အချက်တွေကို သေချာလိုက်နာပြီး ပုံမှန်ခေါင်းလျှော်ပေးဖို့လည်း လိုပါတယ်။ သန့်ရှင်းရမယ်ဆိုပေမယ့် နေ့တိုင်းလိုလို ခေါင်းလျှော်စရာတော့ မလိုပါဘူး။ တစ်ပတ်သုံးကြိမ်ထက်တော့ ခေါင်းမလျှော်ပါနဲ့။ ဆံသားတွေခြောက်သွေ့စေပါတယ်။ ရေနွေးမသုံးဘဲ သဘာဝရေအေးကိုသာ သုံးပြီးခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကို အများကြီးမသုံးပါနဲ့။
၅။ ပျော့ဆေးသုံးပြီး ဆံသားထိန်းသိမ်းနည်း
ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေးသုံးဖို့လိုပါတယ်။ ဆံပင်ပျော့ဆေးက ဆံသားတွေ ပျော့ပျောင်းနေစေပြီး ခေါင်းဖြီးချိန်မှာလည်း ဆံသားကျွတ်တာကို သက်သာစေပါတယ်။ ဆံသားခြောက်သွေ့မှုကင်းပြီး ပျက်စီးနေတဲ့ ဆံသားတွေကိုလည်း ပြန်လည်ပြုပြင်နို်င်စွမ်းရှိပါတယ်။ နေလောင်၊ အပူလောင်ထားတဲ့ ဆံသားတွေအနေနဲ့ ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေးမဖြစ်မနေသုံးပေးဖို့ လိုပါတယ်။ ဆံပင်ပျော့ဆေးမသုံးဘဲ ဘယ်တော့မှ ခေါင်းမလျှော်ပါနဲ့။ ပျော့ဆေမသုံးဘူး ဆိုရင်တောင်သဘာဝပျော့ဆေးအဖြစ် အိမ်မှာပြုလုပ်လို့ရပါတယ်။ ကြက်ဥ၊ ဘီယာ စတာတွေကို ခေါင်းလျှော်ပြီးလို့ ခေါင်းပေါ်မှာ ပေါင်းထားပြီးရင် ပျော့ဆေးလိုပဲ အာနိသင်ရှိစေပါတယ်။ ခေါင်းမလျှော်ခင် ဦးရေပြားနဲ့ဆံသားတွေကို ဆီအရင်ဆုံး လိမ်းထားလိုက်ပါ။ ခေါင်းလျှော်တိုင်း ပျော့ဆေးမသုံးဖြစ်ရင်တောင် တစ်ပတ်တစ်ကြိမ်လောက်တော့ မဖြစ်မနေသုံးပါ။
၆။ မှန်ကန်သော ခေါင်းဖြီးခြင်းခြင့် ဆံသားထိန်းသိမ်းခြင်း
ဆောင်းတွင်းကာလမှာ ဆံသားတွေ ခြောက်သွေ့နေေစေတာကြောင့် ခေါင်းဖြီးတာကိုလည်း သတိထားဖို့လိုပါတယ်။ ဘီသွားစတ်ကျယ်တဲ့ ဘီအမျိုးအစားကို သုံးပြီး ခပ်ဖွဖွဖြီးဖို့လိုပါတယ်။ အတင်းခုတ်ချပြီး ခေါင်းဖြီးတာကြောင့် ဆံသားတွေကျိုးပျက်စေနိုင်ပါတယ်။ ရေစိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့။ ရေကူးကန်ထဲကို ဆင်းချိန်မှာ ခေါင်းစွပ်သုံးပြီးမှ ရေထဲဆင်းပါ။ ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ ဆံသားတွေကို ကိုင်တွယ်ဖြီးသင်ပြီး သပ်ရပ်စွာ စည်းနှောင်ထားပါ။ လေအရမ်းတိုက်လို့ ဆံသားတွေပွရောင်းနေချိန်မှာ လက်ချောင်းတွေ သုံးပြီး ဆံသားကို အရင်ရှင်းလင်းပြီးမှ ဘီးနဲ့ ခေါင်းဖြီးပါ။
၇။ ဗီတာမင်သုံးပြီး ဆံသားထိန်းသိမ်းနည်း
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လေ့လာမှုတွေအရ ဗီတာမင်အီးဟာ ဦးရေပြားနဲ့ ဆံသားအတွက် အရေပြားနဲ့ ဆံသားအတွက် အရေးပါလွန်းတဲ့ အာဟာရတစ်မျိုးပဲဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါကြောင့် ခန္ဓာကိုယ်လိမ်းတဲ့ လိုးရှင်းတွေနဲ့ ခေါင်းလိမ်းဆီ၊ ခေါင်းလျှော်ရည်၊ ပေါင်းဆေး၊ စတာတွေမှာ ဗီတာမင် အီးကို ထည့်ပြီး အသုံးပြုခဲ့ကြပါတယ်။ ဗီတာမင်အီးမှာ အင်တီအောက်ဆီးဒင့်တွေပါဝင်ပြီး သင့်ကိုနုပျိုကျန်းမာနေစေဖို့လည်း ကူညီပေးလိုပါတယ်။ နောက်ပိုင်းကာလတွေမှာ ဗီတာမင်အီးအဆီကိုလည်း ဦးရေပြားနဲ့ ဆံသားတွေအတွက် အသုံးပြုခဲ့ကြပါတယ်။ ဗီတာမင်အီးအဆီကို ဦးရေပြားပေါ်မှာ လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ သွေးလည်ပတ်မှုအတိုင်း နှိပ်နယ်ပေးပါ။ ဆံသားတွေ ဖွံ့ဖြိုးစေပြီး ဆံပင်ကျွတ်တာကိုလည်း ကာကွယ်နိုင်ကာ ဆံသားအသစ်တွေလည်း ပြန်ပေါက်စေနိုင်ပါတယ်။
၈။ ဆောင်းတွင်းကာလ ဆံသားခြောက်သွေ့ ပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်စေမယ့် နည်းလမ်းတွေထဲက ကြိုက်နှစ်သက်တဲ့ နည်းလမ်းကို သုံးပြီး တစ်လတစ်ကြိမ် ပြုလုပ်ပါ။ ကြက်ဥတစ်လုံး၊ ကြက်ဆူဆီနှစ်ဇွန်းနဲ့ ရှလကာရည်တစ်ဇွန်းကိုရောပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်မှာ မိနစ် ၄၀ ပေါင်းတင်ထားပါ။ အုန်းနို့အရည်နှင့် ဦးရေပြားပေါ်မှာ မိနစ် ၂၀ လောက် နှိပ်နယ်ပေးပြီး ရေအေးနဲ့ခေါင်းလျှော်ပါ။ ဒိန်ချဉ်ကို ဦးရေပြားနဲ့ ဆံသားတွေအပေါ်မှာ ပေါင်းထားပြီး မိနစ် ၂၀ ကြာမှ ခေါင်းလျှော်ချလိုက်ပါ။
၉။ အစားအစာဖြင့် ဆံသားထိန်းသိမ်းခြင်း
မှန်ကန်တဲ့ အစားစားသုံးမှုနည်းစနစ်ကလည်း သင့်ဆံသားကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။
• ပရိုတင်းကြွယ်ဝတဲ့အစားအစာနဲ့ အစေ့အဆန်တွေကို မှီဝဲပါ။ သီဟိုဠ်စေ့နဲ့ အုန်းသီးက ဆံသားဖွံ့ဖြိုးစေပါတယ်။
• ဗီတာမင်မျိုးစုံပါဝင်တဲ့ ဖြည့်စွက်အားဆေးတစ်မျိုးမှီဝဲပါ။
• အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစားပါ။ ဆီကြော်စာနဲ့ အဆင်သင့်အစားအစာတွေ လျှော့စားပါ။
၁၀။ သပ်ရပ်စွာထားခြင်းဖြင့် ဆံသားထိန်းသိမ်းနည်း
သင့်ဆံသားတွေဟာ တစ်လကို လက်မဝက်လောက် ရှည်ကြပြီး တစ်နှစ်မှာ ခြောက်လက်မလောက် ရှည်တယ်လို့ အကြမ်းဖျင်းတွက်လို့ရပါတယ်။ ဒါပေမဲ့ ဆံသားတွေကို ပြုပြင်လွန်းတာ၊ ဓာတုဗေဒဆေးဝါးတွေ ထိလွန်းတာနဲ့ ဆံသားပျက်စီးစေတဲ့ တခြားအကြောင်းတွေကြောင့် သင့်ဆံသားတွေက ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ဖြစ်နေတတ်ပါတယ်။ ဆံသားအပေါ်ယံလွှာ ဆုံးရှုံးတာကလည်း ဆံသားတွေကို လိုအပ်သလောက် မဖွံ့ဖြိုးဘဲ အရှည်နှေးလာတတ်ပါတယ်။ ဆံသားအရှည်နှေးလာပြီး ထပ်မထွက်လာတရယ်၊ လက်ရှိကျန်နေတဲ့ ဆံသားကလည်း တဖြည်းဖြည်း ပျက်စီးလာတာရယ် ကြောင့် သင့်ဆံသားတွေက တဖြည်းဖြည်း ပါးလွှာလာပါတော့တယ်။ ဆံသားတွေကို သပ်ရပ်စွာ စည်းနှောင်ထားတတ်တဲ့ အကျင့်ကြောင့် ဆံသားပျက်စီးမှု နည်းစေနိုင်ပြီး ပုံမှန်ဆံသားဖွံ့ဖြိုးမှုကိုလည်း အများကြီးအထောက်အကူပြုစေပါတယ်။ ဆံသားကောက်တဲ့အချိန်မှာသုံးတဲ့ အပူချောင်းတွေကို မကြာခဏဆိုသလို သုံးတာမျိုးကလည်း သင့်ဆံသားကို အပူတွေ ထိပါများလာပြီး ဆံသားခြောက်သွေ့ ပျက်စီးလာစေပါတယ်။
Credit: သဲသဲဦး